ပေါင်းတည် မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၁ ရက်နေ့နံနက် ၇ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။
နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ ကျန်းမာတက်ကြွသော လူကြီးဘဝရရှိစေရေးအတွက် ပေါင်းတည်မြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းဟောင်းများအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ဦးဆောင်သော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်စစ်ဆေးပေးခြင်းနှင့် လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယနေ့တွင် နိုင်ငံဝန်ထမ်းပင်စင်စား စုစုပေါင်း ၁၄၁ ဦးအား ကျန်းမာရေးစစ်ဆေးစမ်းသပ်ကာ စားဆေး ၂၀ မျိုး၊ ထိုးဆေး ၂ မျိုးနှင့် အခြားဆေး ၄ မျိုးတို့ဖြင့် အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုများပေးခဲ့ကြကြောင်းနှင့် ယခုလတွင် လူနာသစ် ၅ ဦးနှင့် လူနာဟောင်း ၁၃၆ ဦး ရှိကြောင်း မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေသား (IPRD)