ပေါင်းတည်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် တောင်သူအသိပညာပေးဆွေးနွေး

ပေါင်းတည် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မေလ ၂၁ ရက်နေ့နံနက် ၁၀ နာရီက မိုးစပါးအထွက်နှုန်းတိုးတက်ရေး ဆွေးနွေးညှိနှိုင်းခြင်းနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ထိုဆွေးနွေးပွဲသို့ မြို့နယ်နှင့်ကျေးရွာအုပ်စု စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့များ၊ ဖိတ်ကြားထားသော တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က မိုးစပါးပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ နှင့်အထက်ရရှိရန် ကြိုးပမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းက တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများပြုပြင်ရေး၊ ခေတ်မီစိုက်နည်းစနစ်ကျင့်သုံးရေး၊ ဒေသနှင့်ကိုက်ညီဆီလျော်သည့် အထွက်ကောင်းစပါးမျိုး ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးရေးဆေးများ စနစ်တကျသုံးစွဲရေး၊ သီးနှံဖျက်ပိုးနှိမ်နှင်းနိုင်ရေးနှင့် ရေတော်မိုးတော်နှင့်အတူ မျိုးမှန်မြေမှန် စိုက်နည်းစနစ်မှန်ကန်စွာဖြင့် မိုးစပါးအထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးမြေများအလိုက် စိုက်နည်းစနစ်နည်းပညာများနှင့် စိုက်ပျိုးရေးအသိပညာများကို အကျယ်တဝင့် မျှဝေဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော တောင်သူကိုယ်စားလှယ်များ၏ အခက်အခဲများနှင့် တင်ပြချက်များကို မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေသား (IPRD)