သထုံမြို့နယ်၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်လှစ်

သထုံ မေ ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းကို မေလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ဇရစ်ချောင်ကျေးရွာရှိသာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

သင်တန်းတွင် ခရိုင်ပြည်သူ့ကျန်းမာရေးမှူးဒေါက်တာသန်းဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက်အရွယ်အလိုက် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝဟန်ပန်ပုံစံများ သိရှိကျင့်သုံးတတ်စေရန်ရည်ရွယ်ကာ သင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်း၌ပို့ချသည့် ကျန်းမာရေးသင်ခန်းစာများကို မိသားစုဝင်များ၊ အတန်းဖော်များနှင့်အတူ လက်တွေ့ကျင့်သုံးလိုက်နာကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် သင်တန်းနည်းပြ ၁၀ ဦးတို့က ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေး၊ အာဟာရအကြောင်းသိကောင်းစရာများ၊ ကူးစက်ရောဂါများနှင့်မကူးစက်တတ်သောရောဂါများ၊ မူးယစ်ဆေးဝါးစိတ်ကြွဆေးဝါးအန္တရာယ်ဆိုင်ရာသိကောင်းစရာများစသည့် ကျန်းမာရေးဆိုင်ရာအသိပညာများကို အသက်အရွယ်အပိုင်းအခြားအလိုက် သင်ကြားပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသားကျောင်းသူ ၂၅၀ ဦးခန့် တက်ရောက်ကြပြီး တစ်ပတ်ကြာဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)