ဘားအံ မေ ၂၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မဲစာရင်းပြုစုရာတွင် တိကျမှန်ကန်စေရေး အခြေခံရမည့်လူဦးရေ စာရင်းများ မှန်ကန်စေရေးအတွက် ပြန်လည်စိစစ်ရမည့်လုပ်ငန်းစဉ်များအောင်မြင်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ပေးရန်ဖြစ်ပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်က ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၅) ဆုံးဖြတ်ချက် (၉) ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အသက် (၁၈) နှစ်အထက် လူဦးရေစာရင်း (မူကြမ်း) စိစစ်ရေးဆိုင်ရာနှင့် ပန်းခင်းစီမံချက်အဆင့် (၃) ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက လူဦးရေစာရင်း (စတုတ္ထမူကြမ်း) မြေပြင်ကွင်းဆင်းစိစစ်မှု၊ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းနှင့်ပတ်သက်၍ တွေ့ရှိချက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကာ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်များအလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်၏ လူဦးရေစာရင်း (စတုတ္ထမူကြမ်း) အား မြေပြင်တိုက်ဆိုင်စစ်ဆေးမှုအခြေအနေ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အိမ်အမှတ်၊ လမ်းအမည်၊ အိမ်ထောင်စုအမှတ်သတ်မှတ်ပြီးစီးမှုအခြေအနေ၊ အသက် (၁၈) နှစ်နှင့်အထက်လူဦးရေစာရင်း၊ ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)