ဘိုကလေး မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ်(၁)နာရီခွဲအချိန်၌ မိုးစပါးစိုက်ပျိုးရာသီ အထွက်နှုန်း တိုးတက်စေရေးသမားရိုးကျ ကြဲခင်းစနစ်အစား Drum Seeder အသုံးပြု၍ မျိုးစေ့ချ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ဘိုကလေးမြို့နယ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုး ထုတ်လုပ်မှု ရည်မှန်းချက်ပန်းတိုင်အား ပြည့်မှီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း၊ မူလပထမသမားရိုးကျ ကြဲခင်းစနစ်အစား မျိုးစေ့ချစနစ်ဖြင့် Drum Seeder အသုံးပြု၍ စိုက်ပျိုးခြင်းသည် အထွက်နှုန်းတိုးသဖြင့် ယခုစိုက်ပျိုးရာသီတွင်လည်း Drum Seeder အသုံးပြုမှု တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြီးခဲ့သည့် စိုက်ပျိုးရာသီတွင် Drum Seeder အသုံးပြု၍ စိုက်ပျိုးသည့် ဧကပေါင်း(၄၅၀၀)ကျော်ရှိပြီး ယခုနှစ်တွင် ဧက(၁၀၀၀၀)ကျော်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးကိုယ်စား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမျိုးသူရကျော်က မျိုးစေ့ချကိရိယာ(Drum Seeder)အသုံးပြုခြင်း၏ အားသာချက်များ၊ အကျိုးကျေးဇူးများ၊ အသုံးပြုနည်းများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မိုးစက်