ကျုံပျော် မေ ၂၃
“ကျောင်းနေအရွယ် ကလေးအားလုံးစဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ လက်ခံဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအသီးသီး၌ တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းအပ်နှံရေးဆောင်ရွက်ရာသို့ မိဘအုပ်ထိန်းသူနှင့် ကျောင်းသား၊ ကျောင်းသူများ အတူတကွ လာရောက်အပ်နှံလျက်ရှိပြီး၊ သက်ဆိုင်ရာ အတန်းအလိုက် သင်ရိုးညွှန်းတမ်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံစသည့် သင်ထောက်ကူပစ္စည်းများနှင့် KG တန်းမှ Grade-5 အထိ ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းဝတ်စုံ အခမဲ့ ထပ်မံရရှိကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သော မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ အခြေခံပညာကျောင်း(၂၅၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်း၊ စုစုပေါင်း (၂၅၇) ကျောင်းတို့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)