ရွှေတောင် မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မေ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါ်သီတာအေးက ကျန်းမာရေးအတွက် လက်ဆေးခြင်းအကြောင်းအရာများ၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီက ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုးကျိုးများအကြောင်း၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဆရာမ ဒေါ်ဝေဝေစိုးက ဝမ်းပျက်ဝမ်းရောဂါဖြစ်တက်သည့် အကြောင်းအရာများ၊ ကာယပညာဦးစီးဌာန၊ နည်းပြနည်းစနစ်မှူး ဒေါ်သပြေက လူငယ်နှင့် အားကစားခေါင်ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)