လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာ၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပေးဆွေးနွေးပွဲနှင့် စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်းလက်တွေ့ကွင်းဆင်းပြသပေး

လှိုင်းဘွဲ  မေ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ခုနှစ်အတွက် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲနှင့် စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်း အဆင့်ဆင့်လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က  ကွမ်တာကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်ချိုက အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်ကြည်ကြည်ဝင်း၊ ဘားအံခရိုင် မျိုးစေ့တာဝန်ခံ ဦးဌေးဝင်း၊ ဘားအံခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသင်းနှင့် လှိုင်းဘွဲမြို့နယ်ဦးစီးမှူး ဒေါ်နန်းဝတ်ရည်စမ်းတို့က မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် မြေဆီလွှာ ပြုပြင်ခြင်းလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးရေး၊ ဒေသရေမြေနှင့်ကိုက်ညီသောအထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရာသီအတွင်း ကျရောက်တတ်သော ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ ရိတ်သိမ်းချိန်ကာလ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေးလိုက်နာရမည့် လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအတိုင်း လိုက်နာကျင့်သုံးနိုင်ရေး နည်းလမ်းများကို အသီးသီးအသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကွမ်တာကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ သဒီးခိုကျေးရွာနှင့်ချမ်းသာကျေးရွာတို့မှ တောင်သူများက စိုက်ပျိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည့်များကို မေးမြန်းခဲ့ကြပြီး၊ ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်ချိုနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီးနောက် စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်တို့ကို လက်တွေ့ပြသပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၌ မိုးစပါးစိုက်ပျိုးရန်အတွက် စုစုပေါင်း လျာထားဧက ၁၂၀၈၈၉ ဧကရှိပြီး လျာထားချက် ပြည့်မီကျော်လွန်စေရေးနှင့် မိုစပါးပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေး    ကျေးရွာအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ  သိရသည်။

စောဒိ(ပြန်/ဆက်)