ဘိုကလေး မေ ၂၃
နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် (၇၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် ဝိနယပိဋက ဝိနည်းနောက်ပိုင်း ခန္ဓက(၃)ကျမ်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ တစ်ပါးတည်းသာ အောင်မြင်တော်မူပြီး နိုင်ငံတော်မှဆက်ကပ်သော ပိဋကတစ်ပုံအောင်(ဝိနယကောဝိဒဘွဲ့)ကိုရရှိတော်မူသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျော်ဇံထေရဝါဒကျောင်းတိုက် ဦးဆောင်ဆရာတော်နှင့် ရန်ကုန်မြို့ မြတ်ရတနာ ဆရာတော်တို့၏ တပည့်အရှင်လာဘသာမီလင်္ကာရအား ယနေ့နံနက်(၈)နာရီခွဲ အချိန်၌ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ထပ်ဆင့်ဂုဏ်ပြုပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုပွဲ ကျင်းပခြင်းမပြုမီ နံနက်(၆)နာရီ၌ ဘိုကလေးမြို့၊ ကျော်ဇံထေရဝါဒကျောင်းတိုက်မှစတင်ကာ ပိဋကတစ်ပုံအောင်(ဝိနယကောဝိဒဘွဲ့)ကိုရရှိတော်မူသည့် အရှင်သူမြတ်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ မြို့တွင်း၌ လှည့်လည် အပူဇော်ခံ၊ အကြည်ညိုခံ ကြွရောက်တော်မူခဲ့သည်။
ထို့နောက်အရှင်သူမြတ်အား မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံ၌ ဂုဏ်ပြုပူဇော်ပွဲ ဆက်လက်ကျင်းပရာ ပူဇော်ပွဲသို့ ပိဋကတစ်ပုံအောင်အရှင်သူမြတ်၏ ဆရာတော်များ၊ ဂုဏ်ပြုခံ အရှင်သူမြတ်နှင့် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သာသနာ့ဒါယကာ/မများ တက်ရောက် ကြပြီး အခမ်းအနား၌ ဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်ခြင်း၊ သမ္မောဒနီယ ဩဝါဒကထာနာကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ဘွဲ့တော်ရအရှင်သူမြတ်၏ ဆရာရင်းဖြစ်သော ဘိုကလေးမြို့နယ်၊ မေတ္တာဝါဒီသာသနာ့ရိပ်သာဆရာတော်၊ လယ်တီကမ္မ ဌာနာစရိယ၊ အဂ္ဂမဟာပရဟိတဓရ ဘဒ္ဒန္တသူရိယက ကျေးဇူးတင်စကားမြွက်ကြားခြင်း၊ ပိဋကတ် တစ်ပုံအောင်(ဝိနယကောဝိဒဘွဲ့)ကိုရရှိတော်မူသည့် အရှင်သူမြတ်၏အတ္ထုပ္ပတ္တိအား ဖတ်ကြား ပူဇော်ခြင်း၊ တေးသံရှင်များက ဂုဏဝိသိဌပူဇာ မင်္ဂလာပိုဒ်စုံရတု၊ ထပ်တွန့်(၈၀)ပေါ် တေးထပ် များဖြင့်သီကျူးပူဇော်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူဇော်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ဒါယကာ/မများက ပိဋကတ်တစ်ပုံအောင်(ဝိနယကောဝိဒဘွဲ့)ရ အရှင်သူမြတ်အား ဘွဲ့တံဆိပ် အဆောင်အယောင်များ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်