သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် မေ ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်)မှ ကြီးမှူးဖွင့်လှစ်သာ သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းက အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသော နည်းပညာရပ်များနှင့်အတူ သတင်းရေးသားရိုက်ကူးတည်းဖြတ်ခြင်း အတတ်ပညာသည်လည်း အရေးပါလျက်ရှိကြောင်း၊ မိမိတို့ဝန်ထမ်းများသည် ပြည်သူကိုအသိပညာပေးရသော ဝန်ဆောင်မှုပေးရသော ဝန်ထမ်းများဖြစ်သည်နှင့်အညီ အရည်အသွေးနှင့်အရည်အချင်းများ တိုးတက်စေရန်အမြဲလေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ သင်တန်းကပို့ချလိုက်သော နည်းပညာများကို လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး ကြိုးစားသင်ယူသွားရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်ပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမို၊ မြို့နယ်ဦးစီးအရာရှိများ တက်ရောက်ကြသည်။

အဆိုပါသတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်းသို့ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း သတင်းလက်တွေ့လုပ်ကိုင်နေသူ သင်တန်းသား သင်တန်းသူ (၁၇)ဦးတို့တက်ရောက်လျက်ရှိပြီး မေ (၂၀) ရက်မှ (၂၂)ရက်နေ့ထိ နည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)