ဘိုကလေးမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ဘိုကလေး မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ယနေ့နံနက် (၈) နာရီ အချိန်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပဆောင်ရွက်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဘိုကလေးမြို့နယ် ပညာရေးမှူး ဦးနန်းထိုက်ကျော်နှင့် အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၁၀၀) ကျော်တက်ရောက်ကြပြီး အခမ်းအနားအား အ.ထ.က (၃) ဘိုကလေး ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာအား သင်ယူခွင့်ရရှိရေး မသင်မနေရ အခမဲ့ပညာရေးစနစ်အား ဖော်ဆောင်လျက်ရှိပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အား မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်နေ့အထိ သတ်မှတ်ထားပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး တာဝန်ရှိသူများဖြစ်ကြသည့် ဆရာ/မများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ အားလုံး တာဝန်သိစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက အခြေခံပညာဦးစီးဌာနက ပံ့ပိုးဆောင်ရွက်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများအား ကျောင်းသား/သူများအား အသီးသီးပေးအပ်ခဲ့ကြပြီး အခမ်းအနားအား အ.ထ.က (၁) ဘိုကလေး ကျောင်းသား/သူများက ဇာတိမာန် သီချင်းသီဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)