စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲ နှင့်စစ်ကိုင်းတိုင်းဒေသကြီး ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတက်ရောက်

မုံရွာ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါ၍ မုံရွာမြို့ ကန်သာယာကန်အနီး ဗိုလ်ချုပ်လမ်းပေါ်၌ ပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်အား ဘင်ခရာတပ်ဖွဲ့နှင့်ပန်းပွားအဖွဲ့တို့မှ အလေးပြုကြိုဆိုကြပြီးနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆိုင်ရာမြေစိုက် ပိုစတာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လေးဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုံရွာမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သောစစ်ကိုင်းတိုင်းဒေသကြီး ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့တက်ရောက်ပြီး အမှာစကားပြောကြားခဲ့သည်။

ဦးစွာ မုံရွာမြို့ အ.ထ.က (၂) ကျောင်းသားကျောင်းသူလေးများက “ကျောင်းအပ်နှံရေး သီတင်းပတ်” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ကျင်းပတဲ့ အခမ်းအနားကတော့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ကျောင်းအပ်နှံရေးနေ့ခမ်းအနားပဲဖြစ်ပါကြောင်း။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံ ရေးနေ့သီတင်းပတ်ကို ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့ကို သတ်မှတ်ထားပါကြောင်း။
ကျောင်းနေအရွယ်ကလေးအားလုံး မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေပဲ ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးကို ပြည်သူတစ်ရပ်လုံးက သိရှိပါဝင်နိုင်စေရန်၊ အတန်းကူးပြောင်းနှုန်း၊ ကျောင်းအပ်နှုန်း၊ ကျောင်းနေနှုန်းနှင့် ကျောင်းတက်နှုန်းမြင့်မားလာစေရေးနှင့် ကျောင်းဖွင့်ရာသီအတွက် နိုင်ငံတော်အစိုးရ၏ ကျောင်းအပ်နှံရေးဆိုင်ရာပံ့ပိုး ထောက်ပံ့ခြင်းများကို ကျောင်းသား၊ကျောင်းသူတိုင်း သိရှိခံစားခွင့်ရစေရန်၊ အခမဲ့ပညာရေးစနစ်ဖော်ဆောင်နေမှုကို ပြည်သူများသိရှိရန်၊ နိုင်ငံသားတိုင်း အနိမ့်ဆုံးအဆင့် အခြေခံပညာအလယ်တန်း (KG+9) သင်ယူပြီးမြောက်သည်အထိကျောင်းနေရေး သတ်မှတ်ချက်အား သိရှိလိုက်ပါ ဆောင်ရွက်လာစေရန်၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ပညာရေးကို အလေးအနက်ထားဆောင်ရွက်ခြင်းဖြင့် ပညာရည်မြင့်မားလာစေရန်၊ ကျောင်းနေရန်အခက်အခဲရှိသည့် ကလေးများရှိပါက ကျောင်းဆက်လက်တက်ရောက်နိုင်ရေး ပညာရေးကို အားပေးသူများဖြင့် တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဖွင့်လှစ်နိုင်မည့်မျှော်မှန်း ကျောင်းဦးရေနှင့် အပ်နှံတက်ရောက်နိုင်မည့် မျှော်မှန်းကျောင်းသားဦးရေပြည့်မီကျော်လွန်ရေးကို အလေးထားကြပ်မတ် အကောင်အထည်ဖော်ရန်စတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် အခြေခံပညာကျောင်းများမဖွင့်မီ မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးကို အားပေးလှုံဆော်လျက်ရှိပါကြောင်း။ ကျောင်းတက်ရောက်သူ ကျောင်းသား၊ ကျောင်းသူအားလုံးကိုလည်း နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်အနေနဲ့ ပညာရေး ဆိုင်ရာသင်ကြားရေးထောက်ပံ့ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများကို ကျောင်းများသို့ ဖြန့်ဝေထုတ်ပေးခြင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ (၁) ဦးလျှင် ကျောင်းသုံးပြဌာန်း ပုံနှိပ်စာအုပ် (၁)စုံ၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ (၄) ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ(၁)ဦးလျှင် ကျောင်းသုံးပြဌာန်း ပုံနှိပ်စာအုပ်(၁)စုံ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ဘောလ်ပင်(၂)ချောင်း၊ ခဲတံ(၂)ချောင်းတို့ကို အခမဲ့ထောက်ပံ့ပေးမှာ ဖြစ်တဲ့အပြင် အခမဲ့ပညာသင်ကြားခွင့်လည်းရရှိကြမှာ ဖြစ်ပါကြောင်း။

နိုင်ငံသားတိုင်းအခြေခံပညာအဆင့်အလိုက် သတ်မှတ်ကာလအတွင်း သင်ယူပြီးမြောက် စေရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့် ကလေးတိုင်းကျောင်းနေမြဲ ရေးလုပ်ငန်းစဉ်များအတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများ ပူးပေါင်းညှိနှိုင်းကာ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ကြရမှာ ဖြစ်ပါကြောင်း။

ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူမှု အခွင့်အလမ်းများရရှိစေရန်နှင့် ကျောင်းဆက်လက်တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ချက်များနှင့်အညီ ပညာသင်စရိတ်များရရှိနိုင်ရေးအတွက် ပညာရေးစေတနာရှင်များ၊ မိဘပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေကြောင်း။

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပြီး ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲ၍ ပညာရေးကို စဉ်ဆက်မပြတ်ဆက်လက်သင်ယူနိုင်ရန် အားလုံးကဝိုင်းဝန်းပြီး ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး ပညာရည်မြင့်မားလာစေရန်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပညာရေးကိုစိတ်ဝင်စားပြီး ပါဝင်ပတ်သက်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သော “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုသည့်အတိုင်း ကျောင်းနေအရွယ်ကလေးများအားလုံး အချိန်မီကျောင်းအပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကျောင်းသားကျောင်းသူလေးများ၏ “ကျောင်းသွားကြမယ်” ၊ “တို့ကျောင်းတော်” စသည့်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု တို့အား တက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အထက်တန်းအဆင့်ကျောင်းသုံးပုံနှိပ်နှင့် ဗလာစာအုပ်များကို လည်းကောင်း၊ အလယ်တန်းဆင့် ကျောင်းသုံးပုံနှိပ်နှင့် ဗလာစာအုပ်များ အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးကလည်းကောင်း၊ ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းတို့က ကျောင်းသားကျောင်းသူများ လက်ဝယ်ထံသို့ အသီးသီး ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းက အခမ်းအနားတွင် သီဆိုဖျော်ဖြေခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သုံးသိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အဆိုပါအမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း ကျောင်းအပ်နှံနေမှုများအား လိုက်လံကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအပ်နှံနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)