လှိုင်းဘွဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

လှိုင်းဘွဲ  မေ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လှိုင်းဘွဲမြို့၊အခြေခံပညာ အထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့သည်။

မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.ထ.က(လှိုင်းဘွဲ)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပန်းကလေးများရဲ့ ဥယျာဉ်မှူး တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ပညာရေးသည် တိုင်းပြည်၏ အနာဂတ်ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာတတ်မြောက်ရေးသည် အရေးကြီးကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေကမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊  ကျောင်းသား/သူများ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းပရိဘောဂများ လုံလုံလောက်လောက်ရရှိရေး၊ ရေရရှိရေး၊ သောက်သုံးရေလုံလောက်မှု ရရှိစေရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းညှိနှိုင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသားတစ်ဦးလျှင် အခမဲ့ပေးအပ်ရမည့် ကျောင်းသုံးပစ္စည်းကိရိယာများအား ကျောင်းအပ်နှံရာတွင် တစ်ပါတည်းပေးဝေနိုင်စေရေးနှင့် လှိုင်းဘွဲမြို့နယ်အတွင်းအခြေခံပညာကျောင်းများ လျာထားဖွင့်လှစ်မည့် ကျောင်းများအခြေအနေတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က  ကျောင်းသား၊ကျောင်းသူများအား  အခမဲ့ကျောင်းသင်ခန်းစာ ပြဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်၌ လှိုင်းဘွဲမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ  အခြေခံပညာသင်ကျောင်း စုစုပေါင်း  (၃၁၁) ကျောင်းကိုဖွင့်လှစ်၍  ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)