ကျေးသီး မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးအထိမ်းအမှတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက် (၉) နာရီက၊ ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် တာဝန်ရှိသူများက စက်ခလုပ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရေများ ပက်ဖြန်းပေးခဲ့ကြ ကြောင်းသိရသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို၍ ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေက ပညာရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အခြေခံပညာကျောင်းများသို့ အခမဲ့ထောက်ပံ့ပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် အခြေခံပညာအထက်တန်း ကျောင်းသား/သူများမှ ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
စိုင်းငင်း (ပြန်/ဆက်)