ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ 

ငပုတော မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာစာသင် ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်ခြင်းကို မေလ(၂၂)ရက်နေ့မှဇွန်လ (၁)ရက်နေ့ထိ လက်ခံသွားမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မီအပ်နှံနိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိရေးကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ ပေတံ၊ ခဲတံ၊ ဘောပင်၊ ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းဝတ်စုံတို့ကို အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။

အောင်သူ