လပွတ္တာ မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားပြီး ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာကို ရာနှုန်းပြည့် သင်ကြားနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်ကစ၍ ကျောင်းများစတင်အအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဆောင်ရွက်လျက်ရှိရာ လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးရာတွင် ဆရာ၊ ဆရာမများက မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ စနစ်တကျ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး KG မှ Grade-12 အထိ အတန်းစဉ်အလိုက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်များ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်အတွင်း အခြေခံပညာကျောင်းပေါင်း(၈၁၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘက)(၃၄)ကျောင်းရှိပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း