ကသာမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကသာ မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်/မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နက်(၉)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက “ကျောင်းအပ်နှံရေးသီတင်းပတ်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြား၍ တာဝန်ခံခရိုင် ပညာရေးမှူး ဦးမြင့်စိုးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့်တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများအား နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပန်းတိုင်းပွင့်မည် ဤဌာနီ”သီချင်းဖြင့် အခမ်း အနားကို ရုပ်သိမ်းပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ