ကလိန်အောင်မြို့ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံ

 ကလိန်အောင် မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထင်တန်းကျောင်း၌ ယနေ့မနက် ၉ နာရီက ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သီတင်းပတ်အတွက် KG အတန်းမှ Grade-12 အတန်းအထိ ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံး စာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်သည့် ဆရာဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိ ပြည်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)