မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန် မေ ၂၂

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို မေလ၂၀ရက်နေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့၊သိမ်ဖြူလမ်း၊ အမှတ်(၂၂၈)ရှိမြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

အစီအစဉ်ပထမပိုင်းတွင် စာအုပ်လှူဒါန်းပွဲပြုလုပ်ရာဖောင်ဒေးရှင်းဥက္ကဋ္ဌဦးညွန့်ဆွေက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်သူများအသိဉာဏ်ပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်စေရန်၊ကျေးရွာနှင့်ရပ်ကွက်များတွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များတည်ထောင်၍ စာပေများဖတ်ရှုနိုင်ရန်၊စာအုပ်စာစောင်များဖြန့်ဝေပေးပို့လျက်ရှိပါကြောင်း၊ ဖောင်ဒေးရှင်းအနေဖြင့် စာအုပ်များဝယ်ယူထောက်ပံ့ပေးသကဲ့သို့ အလှူရှင်များလှူဒါန်းသည့် စာအုပ်များကိုလည်းပေးပို့ လှူဒါန်းပေးပါကြောင်း၊စာကြည့်တိုက်များ၏အသက်မှာစာအုပ်များဖြစ်ပါကြောင်း၊ စာအုပ်များရှိမှသာ စာဖတ်ရှုသူများဖတ်ရှုလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊အလှူရှင်များတိုးပွားလာသည်နှင့်အမျှ စာအုပ်များကိုများများ လှူနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာအုပ်အလှူရှင်များတိုးပွားရေးအတွက် စည်းရုံးပေးကြရန် မေတ္တာရပ်ခံပါကြောင်းပြောကြားသည်။

အလှူရှင်များက စာအုပ်များလှူဒါန်းရခြင်းအကြောင်းရှင်းလင်းပြောကြား၍ စာအုပ်များပေးအပ်လှူဒါန်းရာဥက္ကဋ္ဌဦးညွန့်ဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယနေ့ လှူဒါန်းသောစာအုပ်များမှာ ဒုတိယရဲမှူးကြီး(ငြိမ်း)ဦးသိန်းထွန်း(စာရေးဆရာစစ်ရဲအိမ်)ကစာအုပ်(၂၀၀)အုပ်၊တန်ဖိုး(၁,၆၀၀,၀၀၀/-)ကျပ်နှင့်သဒ္ဓမ္မဇောတိကဓဇဘွဲ့ရ စာရေးဆရာပန်တျာ မြကြည်ကစာအုပ်(၅၀)အုပ်၊တန်ဖိုး(၇၅၀,၀၀၀/-)ကျပ်ဖြစ်ပြီး၊ ဒုတိယပိုင်းအစီအစဉ်အဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ပြုလုပ်ရာရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသတင်းရရှိသည်။

အလှူငွေနှင့်စာအုပ်များလှူဒါန်းလိုပါက အတွင်းရေးမှူးဖုန်း(၀၉၅၁၄၂၅၆၄)၊ ရုံးအဖွဲ့မှူးဖုန်း (၀၉၄၂၀၇၀၀၃၂၆) တို့ကို ဆက်သွယ်၍လှူဒါန်းနိုင်ပါကြောင်းသိရသည်။

အောင်မြင့်