ဇလွန် မေ ၂၂
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဇလွန်ဘဏ်ခွဲမှ မေလ ၁၉ ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးတင်ထွန်းက မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ကျေးရွာအုပ်စုအလိုက် လယ်(၁)ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၅% ဖြင့် ထုတ်ချေးပေးမှာဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရှိတဲ့တောင်သူများကိုသာ ထုတ်ချေးပေးမှာဖြစ်ကြောင်းနှင့် တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်း ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဇလွန်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၆၅)အုပ်စုရှိ တောင်သူ (၆၅၅၉ ) ဦးတို့၏ လယ်ယာမြေဧက ( ၄၂၇၄၈ )အတွက် ကျပ် (၆၄၁၂၂ ) သိန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ငွေချေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာထံမှ သိရှိရသည်။
ဝေယံ - ဇလွန်