လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်းများအား စတင်လက်ခံ

လှိုင်းဘွဲ့ မေ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် အခြေခံပညာကျောင်းများ အသီးသီး၌ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများကြီးကြပ်၍ ဆရာ/ဆရာမများက KG တန်းမှ GRADE–12 အထိ သက်ဆိုင်ရာအတန်းများ အလိုက် ကျောင်းသား/သူများအား ယနေ့နံနက်ပိုင်းမှ စတင်ပြီးကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံခြင်းကို မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသုံးစာရေးကိရိယာများအပြင် ကျောင်းဝတ်စုံ (၁) စုံတို့ကိုလည်း အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)