ဟိုပုံးမြို့နယ်၌ စာကြည့်တိုက်နည်းပညာသင်တန်း(၁/၂၀၂၅) Digital Library Management System (DLMS) အသုံးပြုနည်း သင်တန်းဖွင့်လှစ်ပို့ချ

ဟိုပုံး  မေ ၂၂

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့ရုံးတို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား Digital Library စနစ်အသုံးပြုတတ်စေရန်ရည်ရွယ်၍ Digital Library Management System (DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက Digital Library Management System (DLMS)နှင့် ပတ်သက်သည့် စာစုလုပ်ငန်း၊ ကက်တလောက်လုပ်ငန်း၊ စာငှားလုပ်ငန်း၊ အစီရင်ခံစာ၊ စနစ်အပြင်အဆင်စသည့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် Barcode ပြုလုပ်နည်းတို့ကို စာတွေ့၊ လက်တွေ့ ရှင်းလင်းဆွေးနွေးပို့ချခဲ့သည်။

ယခုဖွင့်လှစ်လိုက်တဲ့ ဒီသင်တန်းဟာ စာကြည့်တိုက်လုပ်ငန်းမှာအရေးပါတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ စာအုပ်ငှားဖို့ရှာဖွေရာမှာလည်း လွယ်ကူလျင်မြန်စွာနဲ့ရှာဖွေတွေ့ရှိ ငှားရမ်းဖတ်ရှုနိုင်ပါမယ်။ စာအုပ်စာရင်းရေးသွင်းမှုနဲ့ ထိန်းသိမ်းမှုမှာလည်း လုံခြုံစိတ်ချမှုပေးပါတယ်။ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်နဲ့အညီ ဒီစာကြည့်တိုက်နည်းပညာဟာလည်း နိုင်ငံတကာကို ရင်ဘောင် တန်းနိုင်မယ့် တိုးတက်မှုတစ်ခုပါပဲ ဟု သင်တန်းနည်းပြဆရာမက ပြောသည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူ့စာကြည့်တိုက်များအား သမားရိုးကျစနစ်မှ ဖွံ့ဖြိုးတိုးတက်လာသော ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေမည့် Digital Library စနစ်သို့ အဆင့်တိုးမြှင့်ပြောင်းလဲဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)