ကြံခင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး ကျောင်းအပ်လက်ခံ

ကြံခင်း မေ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာနယ်မြေကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ဆရာ၊ ဆရာမများက မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း မပြုဘဲ စနစ်တကျ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး KG မှ Grade-12 အထိ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံတစ်စုံစီ နိုငံတော်အစိုးရက အခမဲ့ပေးအပ်နေမှုများအား တာဝန်ရှိသူများ လှည့်လည်ကြည်ရှုအားပေးကြသည်။

ကြံခင်းမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)နှစ်ကျောင်းရှိပြီး အခြေခံပညာကျောင်းသို့ ကျောင်းအပ်ရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘအုပ်ထိန်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မြို့မရဲစခန်းမှူး ဒုရဲမှူး လှခိုင်နှင့်ရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း