ကြံခင်း မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း(လွန်)ကျောင်း(အင်းလက်အရှေ့)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်နှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က သားငယ်၊ သမီးငယ်များ အသိပညာဗဟုသုတများကြွယ်ဝလာစေရန်၊ အများရှေ့တွင် ပြောဆိုတတ် လာစေရန်၊ အပြောစွမ်းရည်ကြွယ်ဝလာစေရန်နှင့် ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက် များစွာဖြင့် ဟောပြောပွဲများ၊ ကာယ ဉာဏပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲနှင့် ကျောင်းသား၊ ကျောင်းသူ များအတွက် အကျိုးရရှိစေမည့် သင်တန်းများအား လစဉ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ကြိုက် ကဗျာ၊ ပုံပြင်တို့ဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း