ချောင်းသာ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ချောင်းသာ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းအသီးသီးတို့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ရာတွင် ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ်စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေလ (၂၂) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါအခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။

ကျော်ကျော်