ငါးသိုင်းချောင်းမြို့တွင် မြို့လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ငါးသိုင်းချောင်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် မြို့လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ငါးသိုင်းချောင်း)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်ကကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ အကြောင်းကြောင်းကြောင့် စာသင်ကျောင်းနှင့် အလှမ်းကွာနေကြသူများအား စာသင်ခန်းအတွင်းရောက်ရှိအောင် စည်းရုံးဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ အ.ထ.က(ငါးသိုင်းချောင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ငါးသိုင်းချောင်းမြို့ ယာယီစခန်းမှူးဦးထွန်းမင်းလတ်မှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများအား မြို့အုပ်ချုပ်ရေးမှူးက ပေးအပ်ခဲ့ရာ မြို့အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသားကျောင်း သူများက အသီးသီးလက်ခံခဲ့ကြသည်။

အခမ်းအနားသို့ ငါးသိုင်းချောင်း မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)