ဖျာပုံ မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၈) နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၈၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃) ကျောင်း စုစုပေါင်း (၂၉၉) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများဖြင့် စည်ကားလျက်ရှိကြသည်။
ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအားလုံး ကျောင်းနေနိုင်ရေးနှင့် စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၈၅) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃)ကျောင်း စုစုပေါင်း (၂၉၉) ကျောင်းတွင် (၂၀၂၅)ခုနှစ် မေလ (၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)