လင်းခေး မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတို့သည် ပညာရေးဝန်ကြီးဌာန၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့သီတင်းပတ် အစီအစဥ်ကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာ၌ အခြေခံပညာမူလတန်းဆင့် ကျောင်းသား/ကျောင်းသူများအတွက် တစ်ဦးလျင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ကျောင်းဝတ်စုံတစ်စုံစီ၊ အလယ်တန်းနှင့်အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဘောပင်တို့ကို(အခမဲ့)ထုတ်ပေးကြောင်း တာဝန်ရှိသူတို့ထံမှ သိရှိရသည်။
ထိုသို့ စတင်ဆောင်ရွက်လျက်ရှိရာသို့ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့က အခြေခံပညာအထက်တန်းကျောင်း၊ တောင်ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းစတင်အပ်နှံ/လက်ခံနေမှု အခြေအနေအရပ်ရပ်တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
“ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာ သင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ပညာရေးဝန်ကြီးဌာနက ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၂)ရက်မှ ဇွန်လ(၁)ရက်နေ့ထိ သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)