ကျွန်းလှ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျန်းမာရေးနှင့် လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံရှိရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီဝင်းက ကွမ်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်တတ်သောရောဂါများနှင့် ဆိုးကျိုးများအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြား၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ