လှိုင် မေ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ဂျပန်ဦးနှောက်ရောင်ရောဂါ(Japanese Encephalitis) ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီမှစတင်ကာ ရပ်ကွက်များအတွင်း ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်စိုး၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဝေဆင့်ကျော်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ ပရဟိတ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့များက ရပ်ကွက်များတွင် ကာကွယ်ဆေးထိုးစုရပ်နေရာများသတ်မှတ်၍ ကွင်းဆင်းထိုးနှံပေးကြောင်းသိရသည်။
အဆိုပါ အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၏ နောက်ဆက်တွဲအဖြစ် ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ကာကွယ်ဆေးထိုးနှံပေးရာ မြို့နယ်အတွင်းရှိ ကလေးငယ်(၆၄၈)ဦး ထိုးနှံပေးပြီးကြောင်းနှင့် လှိုင်မြို့နယ်အတွင်းရှိ အသက်၁နှစ်မှအသက်၅နှစ်အထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်နိုင်