လဟယ် မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ(၁၄:၀၀)နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုကို ဖတ်ကြားတင်ပြပါသည်။ ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေများ ကို လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်၀င်တန်း ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် စိုက်ပျိုးရာသီရာဖြစ်သည့်အတွက် နှစ်ရှည်သီးနှံပင်/ အရိပ်ရပျိုးပင်များ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများက ကြိုတင်ဆောင်ရွက်ထားကြရန် မှာကြားပါသည်။
ထို့နောက်နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုတို့က ဖြည့်စွက်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ဒေသအဆင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများက မိမိဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြကြရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)