ရေတာရှည် မေ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း၌ E- cigarette နှင့် Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် သတိပေးအသိပညာပေးခြင်းကို တာဝန်ရှိသူများက မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လူလတ်ပိုင်းလူငယ်များက ဆေးလိပ်အစားထိုးဟုဆိုကာ ဓာတုအခိုးအငွေ့များကို ရှူ၊ ရှိုက်၊ မှုတ်၊ ထုတ်သည့် စတိုင်ပုံစံဖြင့် သုံးစွဲနေကြသည်ဟုသိရသော E-cigarette နှင့် Vape သည် ဘေးထွက်ဆိုးကျိုးများစွာရှိသည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးတွေ့ရှိရသဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်မရှိစေရေးအတွက် ဈေးကွက်အတွင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် ရောင်းချခြင်း မပြုကြရန် သတိပေးအသိပညာပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒာညီဆွေ ဦးဆောင်မှုဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ မုန့်ဆိုင်များ၊ ဖုန်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)