ချောင်းဆုံ မေ ၂၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် တောင်သူများ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ကော့မုပွန်ကျေးရွာ ကော့မုပွန်ကွင်း ကွင်းအမှတ် (၆၃၇)တွင် တောင်သူ ဦးကျော်ဝင်းတင့်၏ စမ်းသပ်စိုက်ပျိုးထားသည့် တတိယသီးနှံ နွေနှမ်း စိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နွေနှမ်းစိုက်ပျိုးနိုင်ရန်အတွက် မကွေးတိုင်းမှ နည်းပညာများရယူကာ မိုးစပါးကို ရက်တိုတိုဖြင့် အထွက်ကောင်းသည့် အောင်နိုင်တိုးစပါး၊ မတ်ပဲ ရက်တိုမျိုးတို့ကို ရွေးချယ်စိုက်ပျိုးခဲ့ကြောင်း၊ မတ်ပဲရိတ်သိမ်းပြီးနောက် နွေနှမ်း(၁၀)ဧကကို ရေသွင်းစိုက်ပျိုးနိုင်ရန်အတွက် အဝီစိရေတွင်း(၃)တွင်း တူးဖော်ကာ စိုက်ပျိုးမြေအလွတ်မထားဘဲ ခွေးလေးနီနှမ်းမျိုးကို တတိယသီးနှံအဖြစ် စမ်းသပ်စိုက်ပျိုးခဲ့ရာမှ အောင်မြင်ဖြစ်ထွန်း အထွက်တိုးခြင်းဖြစ်ကြောင်း တောင်သူဦးကျော်ဝင်းတင့်က ပြောသည်။
ဒေသတွင်း စားရေရိက္ခာဖူလုံရေး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်သူများလိုအပ်သည့် မျိုးကောင်း မျိုးသန့်ရရှိရေး၊ ကောင်းမွန်သော စိုက်ပျိုးမြေနှင့် မြေဩဇာရရှိရေး၊ စိုက်ပျိုးရေ ရရှိရေးနှင့် စိုက်ပျိုးရေး နည်းပညာများကို စိုက်ဧကများအရောက် ကွင်းဆင်းအသိပညာပေးခြင်းများနှင့် တောင်သူများ၏ လိုအပ်ချက်များကိုဝန်ထမ်းများမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က ပြောသည်။
အဆိုပါ ရေသွင်းစိုက်ပျိုးထားသည့် နွေနှမ်း စိုက်ဧကတစ်ဧကလျှင် တင်း(၂၀)ခန့် ထွက်ရှိနိုင်ရန် ခန့်မှန်းထားပြီး တစ်ဧကလျှင် ကျပ် (၂၅)သိန်းကျော်ရရှိမည် ဖြစ်ကြောင်း၊ တောင်သူများ လာမည့်စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံများကို မြို့နယ်အတွင်း တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)