တိုက်ကြီး မေ ၂၂
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ ဦးဆောင်ကျင်းပသော စိုက်ပျိုးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောလမ်းရှိ ပြည်စိုးစံဥယျာဉ်ခြံ၌ မေလ ၂၀ ရက်နေါ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
စိုက်ပျိုးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ဥယျာဉ်ခြံစိုက်ပျိုးသူတောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် နည်းပညာဗဟုသုတ ရရှိစေရန်နှင့် ပြည်ပပို့ကုန်ကဏ္ဍမြှင့်တင်န်ုင်စေရန် ရည်ရွယ်၍ ဗဟုသုတ မျှဝေဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (အပင်ရောဂါဌာန)မှ ဒုတိယပါမောက္ခချုပ် (ငြိမ်း) ပါမောက္ခဒေါက်တာမောင်မောင်မြင့်က Phytophthora မှိုရောဂါကြောင့်ဖြစ်သော အမြစ်နှင့် ပင်စည်ပုပ်ရောဂါအပါအဝင် နှစ်ရှည်ပင်နှင့် ဒူရင်းပင်ရောဂါများအား ဘက်စုံကာကွယ် ထိမ်းချုပ်ခြင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လယ်ယာသီးနှံစိုက်ပျိုးရေးဌာနမှ ပါမောက္ခ(ငြိမ်း) ဒေါက်တာမာမာကြူက ဒူးရင်းစိုက်ပျိုး၊ စားသုံးခြင်းနှင့် ဒို့ကျေးလက်(ဇီဝမြေဩဇာ)မှ ဇီဝမြေဩဇာများကို ကြွင်းဖောက်အစာကျွေးခြင်းတို့ကို ဗဟုသုတမျှဝေ ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဥယျာဉ်ခြံစိုက်ပျိုးသူတောင်သူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(တိုက်ကြီး)