သံဖြူဇရပ်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်းနှင့်ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

သံဖြူဇရပ် မေ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ကြဲခင်းစနစ်လျှော့ချနိုင်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို မေလ ၂၀ ရက်နေ့၊  နံနက်ပိုင်းက  ကျုံကဒက်ကျေးရွာ  တောင်သူဦး​ကျော်ဆန်း၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့သည်။

စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို‌ ကျုံကဒက်ကျေးရွာ၊ ကွင်းအမှတ်(၉၀၆)၊ ဦးပိုင်အမှတ်(၈၀/၃)ရှိ ဦးကျော်ဆန်း၏လယ်မြေတွင် ကွင်း၌ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးကျင်သိန်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၃၀)ဦးခန့်က ကြည့်ရှုအားပေးကာ ရှစ်တန်းသွားမျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးရာ၌ ရရှိမည့်အကျိုးကျေးဇူးများ၊ လိုအပ်သည့် နည်းပညာပံ့ပိုးပေးနိုင်မှုများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျင်သိန်းကရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးအောင်မိုးလွင်က လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်အတွင်း မိုးစပါးစိုက်ကာလ၌ တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ(Seeder)များကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ  အခမဲ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)