ကျိုက်ထို မေ ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး၊ ကြဲခင်းစနစ်လျှော့ချနိုင်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျိုက်ပိကျေးရွာ တောင်သူဦးသီဟလွင်၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။
စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို ကျိုက်ပိကျေးရွာအုပ်စု၊ OSS သောင်ကွင်း၌ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဗိုလ်၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှူး ဦးမျိုးမင်းဦးနှင့် တာဝန်ရှိသူများနှင့် ကျေးရွာတောင်သူများက ကြည့်ရှုအားပေးကာ ရှစ်တန်းသွားမျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးရာ၌ ရရှိမည့်အကျိုးကျေးဇူးများ၊ လိုအပ်သည့်နည်းပညာပံ့ပိုးပေးနိုင်မှုများကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်အတွင်း မိုးစပါးစိုက်ကာလ၌ တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Seeder) များကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)