ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ဘေးအန္တရာယ်ကင်းစွာ သွားလာနေထိုင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ သထုံမြို့၌ပြုလုပ်

သထုံ   မေ    ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စီစဉ်ကျင်းပသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ဘေးအန္တရာယ်ကင်းစွာ သွားလာနေထိုင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို မေလ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်ချိုချိုလွင်က ကြက်ခြေနီအသင်း၏ သမိုင်းကြောင်း၊ အခြေခံမူနှင့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ပတ်သက်၍ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်း၊ သက်ရောက်မှုနှင့်ဆိုးကျိုးများ၊ ထိခိုက်မှုလျော့ပါးရေး သိကောင်းစရာများ၊ ထိခိုက်မှုများအား အကူအညီပေးခြင်းစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူတို့က သိရှိလိုသည်တို့ကို ပြန်လည်မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

‌အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)