ပဲခူး မေ ၂၁
ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းကပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၀)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးကြသည်။
အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနေမှုအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်တို့နှင့်အတူ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုနှင့် ရေသန့်နှင့် ကော်ဖီများ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကာ လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီနောက် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် လစဉ် တိုင်းဒေသကြီး အတွင်း မြို့နယ်(၂၈) မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)