လိပ်သို မေ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူများမှာ နှစ်ရှည်ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းအပြင် သဘာဝတောတောင်၊ ရေမြေနှင့်ကိုက်ညီ သည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ မိုးဦးကျကာလ၌ ချင်းပင်များ စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။
ချင်းပင်များ စိုက်ပျိုးရာတွင် ရောဂါပိုးကျရောက်ဖူးသောအပင်မှ ချင်းတက်မျိုးများယူ၍ စိုက်ပျိုးခြင်း မပြုလုပ်မိအောင် သတိပြုရမည်ဖြစ်ကြောင်း၊ မိုးဦးကျကာလဖြစ်သည့် မေလနှင့် ဇွန်လများတွင် ချင်းပျိုးတက်များ စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၄) လခန့်အကြာတွင် ချင်းတက်များ စတင်တူးဖော်နိုင်ကြောင်း ချင်းစိုက်ပျိုးသူ ဒေသခံတစ်ဦးထံမှ သိရသည်။
ဒေသခံများမှာ ချင်းပင်များကို မိသားစုစားသုံးရန်အတွက် တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြပြီး စီးပွားဖြစ်စိုက်ပျိုးသူ မရှိသေးကြောင်း၊ ချင်းပင်များအပြင် ငရုတ်၊ ခရမ်းချဉ်၊ ဆလပ်၊ မုန်ညင်း၊ ချဉ်ပေါင် စသည့် စားဖိုဆောင်သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။
ခင်လေးနွယ်