ဖြူး မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ ငါးထပ်ကြီးမြတ်စွာဘုရားထိုင်တော်မူ ရုပ်ပွားတော်(ဘုရားကြီး)နှင့် ဂန္ဓကုဋီတိုက်သည် ငလျင်ကြောင့် ပျက်စီးယိုယွင်းသွားခဲ့၍ ရှေးမူမပျက်ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ပြင်ဆင်နေလျက်ရှိကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ သိရသည်။
သမိုင်းဝင် ငါးထပ်ကြီး မြတ်စွာဘုရားရုပ်ပွားတော်နှင့် ဂန္ဓကုဋီတိုက်တော်သည် နှစ်ပေါင်း (၁၁၅) နှစ်ကျော် သက်တမ်းရှိပြီး (၂၈-၃-၂၀၂၅) ရက်နေ့ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးယိုယွင်းသွားသောကြောင့် ငါးထပ်ကြီး မြတ်စွာဘုရားထိုင်တော်မူရုပ်ပွားတော်၏ လည်ပင်းတော်အက်ကွဲတော်မူခြင်း၊ ဂန္ဓကုဋိတိုက်နောက်ပိုင်း ပြိုကျပျက်စီးပြီးဘေးနှစ်ဖက်သည် အက်ကွဲခြင်းများအပြင် သမိုင်းဝင်မဟာဝိဇယသိမ်တော်ကြီးအတွင်းအပြင် အက်ကွဲခြင်း၊ ကိုးခန်းဓမ္မာရုံ ဆင်ဝင်ကွန်ကရစ်တိုင်များ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သမိုင်းဝင်မဟာဝိဇယသိမ်တော်ကြီးနှင့် ကိုးခန်းဓမ္မာရုံ ဆင်ဝင်ကွန်ကရစ်တိုင်များအား ပြန်လည်ပြုပြင်ပြီးကြောင်းနှင့် ငါးထပ်ကြီး မြတ်စွာဘုရားထိုင်တော်မူရုပ်ပွားတော်ကြီးနှင့် ဂန္ဓကုဋိတိုက်ကြီးအား ပြန်လည်ပြုပြင်ကိုးကွယ်နိုင်ရေးအတွက် ဦးအောင်ဝင်း (ရောင်နီဦး ကုမ္ပဏီ) ၏ စီစဥ်မှုဖြင့် အင်ဂျင်နီယာ Survey Team အဖွဲ့ ရောက်ရှိ၍ ကြည့်ရှုစစ်ဆေးတိုင်းတာခဲ့ရာ ဒီဇိုင်းပုံထုတ်ပြီးပါက အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ဘိလပ်မြေ၊ အုတ်၊ ငြမ်းဝါးများအား ကြိုတင်ဝယ်ယူစုဆောင်းထားကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံဗဟိုငလျင်ကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အဖွဲ့ လာစဥ်က မှာကြားခဲ့သည့်အတိုင်း မိုးရေမဝင်စေရန် ဘုရားကြီးနောက်ကျော ဂန္ဓကုဋီတိုက်တောင်ဘက်နံရံတွင် ငြမ်းဆောက်လုပ်၍ မိုးကာများ ကာရံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)