တောင်တွင်းကြီး မေ ၂၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိရိုးဖလာနှီးဝါးလုပ်ငန်းလုပ်ကိုင်ကြသူများသည် ဝါးထရံ၊ ဝါးဖျာ၊ ဝါးခမောက်၊ ဝါးကုလားထိုင်၊ ဝါးခြင်းတောင်းအမျိုးမျိုးတို့ကို တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝါးခြင်းတောင်းရက်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့်ဝါးများကို တောင်းတွင်းကြီးမြို့ပေါ်ရှိ ဝါးအရောင်းဆိုင်များမှ အလွယ်တကူဝယ်ယူရရှိပြီး ဝါးတစ်လုံးကို ၂၆၀၀ ကျပ်ဝန်းကျင် ပေးဝယ်ယူရကြောင်းသိရသည်။
တောင်းရက်လုပ်ပြီးစီးမှုအနေဖြင့် တစ်နေ့ကို တောင်းအသေးဆိုလျှင် (၄) လုံး၊ အလတ်ဆိုလျှင် (၃) လုံး၊ အကြီးဆိုလျှင် (၂) လုံး ရက်လုပ်ပြီးစီးကြောင်းနှင့် ပုတ်တစ်လုံးရရှိရန်အတွက် တစ်နေကုန်ရက်လုပ်ရကြောင်း၊ ဝါးတစ်လုံးကို လိုအပ်သလိုခွဲခြမ်းစိတ်ဖြာ၍ တောင်းရက်လုပ်ရာတွင် တောင်းအသေးဆိုလျှင် (၃) လုံး၊ အလတ်ဆိုလျှင်(၂)လုံး၊ အကြီးဆိုလျှင်(၁)လုံး ရရှိပြီး ပုတ်တစ်လုံးရရှိရန်အတွက် ဝါး(၃)လုံးခန့်အသုံးပြုရကြောင်း၊ ဈေးနှုန်းအနေဖြင့် တောင်းအသေးတစ်လုံးလျှင်(၆၀၀၀)ကျပ်၊ တောင်းအလတ်တစ်လုံးလျှင်(၉၀၀၀)ကျပ်၊ တောင်းအကြီးတစ်လုံးလျှင် (၁၃၀၀၀)ကျပ်၊ ပုတ်အသေးတစ်လုံးလျှင်(၂၅၀၀၀)ကျပ်၊ ပုတ်အလတ်တစ်လုံးလျှင်(၂၇၀၀၀)ကျပ်၊ ပုတ်အကြီးတစ်လုံးလျှင်(၂၈၀၀၀)ကျပ်ဖြင့် ရက်လုပ်ပေးကြောင်း နှီးဝါးလုပ်ငန်းလုပ်ကိုင်သူ ဦးနိုင်ဦးထံမှ သိရသည်။
အဓိကအသုံးပြုသည့် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ဝါကြိတ်ဖက်လုပ်ငန်း လုပ်ကိုင်ကြသူများသည် လုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နေပြီး ယခုကာလအတွင်း စပါးပေါ်ချိန်ဖြစ်သည့်အတွက် အော်ဒါမှာယူမှုများ ဆက်တိုက်ရှိနေပြီး လက်မလည်အောင် ရက်လုပ်နေရကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)