နတ်မောက် မေ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ကြူအိုင်ကျေးရွာ၌ (၁၀)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကြူအိုင်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြီး မိသားစုတစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ ချေးငွေထုတ်ချေးပေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ် (၆၁ ဒသမ ၆) သန်းကို မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက ကြူအိုင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆောင်ရွက်သူ အသင်းသား/သူ စုစုပေါင်း (၁၁၆)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံ ငွေကျပ် (၆၁ ဒသမ ၆)သန်းကို သက်သာသောအတိုးနှုန်းဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မူမူစန်း