ဖရူဆို ဒီဇင်ဘာ ၁၁
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် လက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာများ၊ နှာခေါင်းစည်း (Mask) ထားရှိပေးခြင်း၊ အပူချိန်တိုင်းကိရိယာ အသုံးပြုခြင်း၊ အသုံးပြုသည့်စားပွဲ၊ ကုလားထိုင်များအား အကာအကွယ်များ ဆောင်ရွက်ထားရှိမှု နှင့် စားသုံးသူများ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာဖြစ်စေရေး ခင်းကျင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် ညီညွတ်မှု မရှိသောဆိုင်များကိုလည်း လိုအပ်သည်များ အလေးထားပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရေး အတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တောရယ်ပြန်/ဆက်