ပွင့်ဖြူ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၂၄၇၂၀ ဧက စိုက်ပျိုးမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၂၄၇၂၀ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်တွင် နှမ်းသီးနှံများ စိုက်ပျိုးနိုင်ရေး လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ နှမ်း ၂၄၇၂၀ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ လက်ရှိအချိန်မှာ နှမ်းများ စိုက်ပျိုးနိုင်ဖို့ လယ်ယာမြေထွန်ယက်ပြုပြင်တာတွေကို လုပ်ဆောင်နေကြပါတယ်။ သတ်မှတ်လျားထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့နဲ့ တစ်ဧက ပန်းတိုင်အထွက်နှုန်းများရရှိဖို့ ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ထွက်ရှိလာတဲ့ သီးနှံများ အရည်အသွေးကောင်းဖို့အတွက် GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် နှမ်းသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ ကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နှမ်းကို အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်စေရန် GAP နည်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အခြားသော စိုက်ပျိုးနည်းစနစ်များထက် ပိုမိုကောင်းမွန်၍ ထွက်ရှိလာသော သီးနှံများမှာ အရည်အသွေးပြည့်ဝပြီး ရောင်းချရာ၌ ဈေးနှုန်းပိုရရှိသဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်၍ သီးနှံဝင်ငွေ ပိုမိုရရှိစေကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် နှမ်းကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )