တံတားဦး မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် တောင်သူများအား ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့နံနက်ပိုင်းက စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်စေ့ ချေးငွေပြေကျေမှသာ( ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ်ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားသည်။ ၂၀၂၅ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို ယခင်အရင်း၊ အတိုး ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများကိုသာ မိုးရာသီစိုက်ပျိုး ချိန်အမီ စတင်ထုတ်ချေးပေးကြောင်း ယခင်နှစ်အတိုင်း တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ထုတ်ချေးပေးကြောင်းလည်း သိရသည်။
ထို့နောက် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက တောင်သူများအား ယခုနှစ် မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးစရိတ်ချေးငွေများ ချေးပေးမည့်အစီအစဉ်များနှင့် ချေးငွေများ ပြန်လည်ပေးသွင်း ရမည့် ကာလအတွင်း ကြွေးကျန်မရှိစေရေး ချေးငွေရယူလိုသည့်တောင်သူများအနေဖြင့်စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းကျပ်၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်း ကျပ် ချေးယူနိုင်းကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တံတားဦးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ယနေ့တွင် ကျပ်ပြင်ကျေးရွာအုပ်စုမှ တောင်သူ(၇၈)ဦး၊ ဧကပေါင်းအတွက် (၄၃၀)ဧကအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်း(၄၃၀)ကို တောင်သူများ လက်ဝယ်အရောက် ချေးငွေများကို ထုတ်ချေးပေးခဲ့ကြောင်း ကျန်ရှိသည့်ကျေးရွာအုပ်စုများနှင့် ကျေးရွာများကိုလည်း ထုတ်ချေးရေးကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ရဲတင့်(ပြန်/ဆက်)