ကံမမြို့နယ်မှ တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေး

ကံမ မေ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ယမန်နေ့နံနက်(၁၀)နာရီက စတင်ထုတ်ပေးခဲ့ရာ သာဇီကျေးရွာအုပ်စုမှ တောင်သူ(၅၃)ဦးတို့၏ မိုးစပါးစိုက်ဧက (၁၃၂) ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ(၁၉၈)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ကံမမြို့နယ်၌ ငွေကျပ် သိန်းပေါင်း သုံးသောင်းအား ထုတ်ချေးပေးရန် လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင် တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)