သံတောင်ကြီး မေ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံ ပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တညင်းပင်များကို တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြင့် စိုက်ပျိုးကြပြီး ယခုနှစ်ပေါ်ဦးပေါ်ဖျားတညင်းသီးများဈေး ကောင်းရရှိကြောင်း သိရသည်။
အဆိုပါ တညင်းပင်များမှာ နှစ်ရှည်ပင်ဖြစ်ပြီး စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင်အသီးများစတင်ခူးဆွတ်နိုင်ပြီး အချို့အပင်ကြီးများမှာ အမြင့်ပေ (၄၀)ခန့် ပင်စည်လုံးပတ် (၅)ပေခန့်အထိရှိသည်။ တညင်းပင် များမှာ ဥယျာဉ်ခြံများအတွင်းတွင် သဘာဝအတိုင်း ပေါက်ရောက်ခြင်းရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်းရှိသည်။ သံတောင်ကြီးဒေသထွက် တညင်းသီးများကို သံတောင်ကြီးမြို့ပေါ်တွင်သာ ရောင်းချပြီး တညင်းသီးအခွံချွတ် (၁)ပုံးလျှင် အလုံးအရွယ်အစားပေါ်မူတည်၍ ကျပ်၅၀၀၀၀ အထိ ရရှိခဲ့ကြောင်း တညင်းသီးစိုက်ပျိုး လုပ်ကိုင် သူတောင်သူ ဦးစောပရီထူးထံက သိရသည်။
နော်နော်မူ