လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

လိပ်သို မေ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့်စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ သန်းထွန်း(စကု) ရေးသားသော “အရှက်နှင့် ကိုယ်ကျင့်သိက္ခာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင် ခြင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေများကို အစဉ်တစိုက် လေ့လာဖတ်ရှုမှတ်သားဖို့ လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် မောင်ကျော်သီဟဌေး က “မတူလျှင် မယှဉ်လိုက်ပါနှင့်” ခေါင်းစဉ်အောက်မှ “ကောင်းမှုနှင့် မကောင်းမှု နှစ်မျိုးအနက် လူ့သဘော၊ လူ့သဘာဝအရ မကောင်းမှုကို နှစ်သက်တတ်စမြဲဖြစ်ကြောင်း၊ မိမိအောက် ကိုယ်ရည်ကိုယ်သွေး၊ အဆင့်အတန်းမတူသူများကို ယှဉ်ပြိုင်ခြင်းသည် မိမိ၌ပင်ကိုယ်ရှိနေသော အစွမ်းအစ၊ အရည်အသွေးကို လျော့ပါးထိခိုက်စေနိုင်ကြောင်း၊ မိမိထက်အဆင့်မြင့်သူကို မှန်ကန်သော ယှဉ်ပြိုင်တုပခြင်းသာလျှင် ဘဝတိုးတက်မြင့်မားရေးလမ်းကြောင်းကို ရောက်စေမှာဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ သန်းထွန်း(စကု)ရေးသားသော “အရှက်နှင့်ကိုယ်ကျင့်သိက္ခာ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် လူ့ပတ်ဝန်းကျင်၌ နေထိုင်ရှင်သန်ရာတွင် ကိုယ်ကျင့်သိက္ခာကောင်းမွန်ရန် လိုအပ်သကဲ့သို့ အရှက်အကြောက်တရား ကင်းမဲ့သူ မဖြစ်ရန်လည်း လိုအပ်ကြောင်း သိရသည်။

ခင်လေးနွယ်