ကျိုက်လတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း အခမ်းအနားကျင်းပ

ကျိုက်လတ် မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ကျိုက်လတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် ထုတ်ချေးမှာဖြစ်ပြီး အချိန်စေ့ကြွေးပြေကျေသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်တို့က ဒေါပုံကျေးရွာ‌နေ တောင်သူ (၉၇)ဦး၊ ဧက (၆၄၄)ဧက၊ ချေးငွေကျပ်သိန်း (၉၆၆.၀၀)အား တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား ကျေးရွာအုပ်စု (၈၄)အုပ်စု၊ တောင်သူ (၄၅၀၇)ဦး၊ ဧက (၃၃၈၆၂)ဧက၊ ချေးငွေ ကျပ်သိန်း(၅၀၇၉၃.၀၀) အား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)