ကန်ကြီးထောင့် မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယမန်နေ့တွင် စတင်ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများအား မေလ (၁၉) ရက်နေ့တွင် သဘော့ငူကျေးရွာအုပ်စုရှိ တောင်သူ(၁၀၆)ဦး၏ လယ်ဧက (၇၀၃)ဧကအတွက် ထုတ်ချေးငွေကျပ် (၁၀၅၄.၅၀)သိန်းအား စတင်ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ချေးငွေလာရောက်ထုတ်ယူကြသော တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ် မန်နေဂျာ ဦးအောင်နိုင်ကတွေ့ဆုံ၍ တောင်သူများအား ချေးငွေများအား အကျိုးရှိစွာ အသုံးပြုကြရန်၊ စိုက်ပျိုးသီးနှံများ အထွက်တိုးရေးနှင့် ချေးငွေများအားသတ်မှတ်ကာလအတွင်း ပြေကြေစွာပေးဆပ်ကြစေရေး၊ ချေးငွေထုတ်ချေးရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် ၂၀၂၅ခုနှစ်၊ မိုးချေးငွေထုတ်ချေးရေး ဆိုင်ရာစည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား ရပ်ကွက်(၇)ခု ကျေးရွာအုပ်စု(၇၃)အုပ်စုမှ တောင်သူ(၇၆၀၀)ဦး၏ လယ်ဧက(၅၃၄၀၀)အတွက် ချေးငွေ ကျပ်သိန်း (၈၀၁၀၀.၀၀)အား ထုတ်ချေးရန်လျာထားခဲ့ပြီး တစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)နှုန်းဖြင့် တောင်သူတစ်ဦးလျှင် (၁၀) ဧကအထိအား အတိုးနှုန်းမှာ (၅)% ဖြင့် ထုတ်ချေးသွားမည်ဖြစ်သည်။ အဆိုပါချေးငွေအား နှစ်စဉ်ချေးငွေ၊ ကိုဗစ်-၁၉ အထူးချေးငွေရယူထားကြသော တောင်သူများ၊ အချိန်စေ့ချေးငွေအပြေအကြေ ပေးဆပ်ပြီးဖြစ်သော တောင်သူများအား ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)